mMz

သူရဿဝါ

မိုးထဲရေထဲမီးလောင်ပြင်

လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းကလည်း
ဒီ မိုးရေစက်တွေပါပဲ
ငါ့ အသွေးအသားထဲ စိမ့် စက် ယို ကျ ခဲ့တာ
မိုးရေတွေစိုနေတဲ့ခြေဖမိုးလေး ငါ မမေ့သေးပါဘူးကွယ်
တစ်ယောက်နဲ့တစ်ယောက် ရနံ့တွေပျိုးခဲ့ကြ
တစ်ယောက်နဲ့တစ်ယောက် ရေခဲမတတ်အေးစက်ပစ်ကြ
တစ်ယောက်နဲ့တစ်ယောက် မျက်တောင်မခပ်စတမ်းမေ့လိုက်ကြ
မိုးရေထဲက မီးလောင်ပြင်တွေ မီးသင့်ဒဏ်ရာတွေ
စူး နစ် စို ရွှဲ ဆံစတွေ ကျိန်စာနဲ့ လမ်းလျှောက်ထွက်ခြင်းတွေ
မိုးရေထဲမှာ မိုးတွေထပ်ရွာ . . . .

`ဒီလက်တွေကို ဘယ်တော့မှ ဖြုတ်မပစ်ပါဘူး´ တဲ့လား
အမှိုက်တစ်စလိုပဲ မိုးထဲရေထဲ မျော . . . လို့
မိုးသက်လေပြင်းကျစဉ် တစ်နာရီ မိုင်ဘယ်လောက်နှုန်းတိုက်ခတ်
ဟောဒီမှာ ပွန်းပဲ့လာတဲ့ တယ်လီဖုန်းခွက်တွေ
အသွားအပြန် နှစ်ထောင့်ရှစ်ရာနဲ့ အငှားကားပေါ်မှာ အထီးကျန်နေသူ
အိမ်ရှေ့အုတ်ခုံပေါ်က သက်ပြင်းချသံ
တဖြောင်းဖြောင်း လက်ခမောင်းထခတ်တဲ့ ကျိန်စာ
ဘုရားမစူးတာတောင် မိုးကြိုးတွေပစ်လို့

ဟိုးမှာအရိုးပြိုင်းပြိုင်း သစ်ပင်က သွေးစက်လက်နဲ့လား
မဟုတ်ဘူး ဓါတ်တိုင်ပေါ် ပန်းသီးခပ်ကြီးကြီး တစ်လုံးတင်ထားတာ
ဟင့်အင်း မဟုတ်သေးဘူး ဓါတ်တိုင်က မီးမှိန်မှိန်လေး လင်းနေတာ
ငါ မမူးပါဘူးကွယ် . . . ငါ့ကိုယ်ငါ ကွယ်ဝှက်ပစ်လိုက်တယ်
အဲဒါက ပါးပါးလေးပါ
လက်ဝါးနုနုလေးတွေရဲ့ မျက်လှည့်ပြကွက်တွေနဲ့စာရင်
ငါ့ကိုယ်ငါ ကွယ်ဝှက်ခြင်းက တစ်ရှုးတစ်ရွက်လို ပါးပါးလေးပါ
သူငယ်ချင်း တစ်ယောက်ရဲ့ ကဗျာစာသားလို
ဒုက္ခအထူကြီးနဲ့ ရူးနေတဲ့ကောင် . . . ရူးသွပ်မှု အထူကြီးနဲ့ မူးနေတဲ့ကောင်

မိုးရေတွေထဲမှာ မဟုတ်ဘူး . . .
ငါ သိပ်ကြိုက်တဲ့ ဇာတ်ဝင်ခန်း မဟုတ်ဘူး
လက်စွပ်လေးချွတ်ပြီး ပြန်ပေးလိုက်တယ်
အသေအချာပဲ မိုးရေတွေထဲမှာမဟုတ်ဘူး
ဒီတစ်ခါ ငွေလက်စွပ်ကလေးက တကယ်ပဲ ကြမ်းပေါက်ကျွံသွား
မာခေါက်ခေါက်သရော်ပြုံးတွေထဲနစ်သွား
တကယ်တော့ ငါသိပ်ကြိုက်တဲ့ ဇာတ်ဝင်ခန်းဖြစ်နေပြန်တယ်
မိုးထဲရေထဲ ဖြစ်နေပြန်တယ်

အဲ့ဒီလိုနဲ့ နေ့ရောညရော မှောင်နေတဲ့ ခေတ်သစ်အသူရကာယ်
အသားမာတက်လာတဲ့ အခန်းတံခါးထဲ
ကလေးတစ်ယောက်လို အပြုံးကိုလွမ်းတယ်
ဆံပင်ဖွာဖွာလေးကိုလွမ်းတယ် အသံစာစာလေးကိုလွမ်းတယ်
တစ်ယောက်တည်း တစ်ခန်းလုံးစာပြည့်ကျပ်နေခဲ့
မိုး တွေ ဆောင်း တွေ နွေ တွေ အလှည့်ကျရွာတယ်
ရုပ်ရှင်ထဲမှာလို စာတစ်ကြောင်းတည်းနဲ့
သုံးနှစ်ခန့် . . . ကြာမသွားဘူး

မိုးရာသီအသစ်တွေထဲ မိုးတစ်စက်မှအစိုမခံတော့သူ
စိတ်နာတာမဟုတ်ဘူး၊ စိတ်ကအငွေ့ပျံပျောက်ကွယ်သွားတာ
သုံးနှစ်စာမိုးကောင်းကင်အောက်မှာ
တိုးတိုးတိတ်တိတ်ထိုင်ခဲ့ လေလွင့်စိတ်ကိုအံဆွဲထဲထည့်သိမ်းခဲ့
နောက်ဆုံးညနေကို ဟာသကားလိုပြန်ကြည့်ခဲ့
ငါအခု သန်မာလာပါပြီ၊ ငါအခုမြန်နှုန်းမြှင့်ပျံသန်းနေပါပြီ
ငါအခု အကျီ င်္အသစ်တွေဝတ်ဆင်နေပါပြီ
အတော်ကြာကြာကြမ်းရှခဲ့ရပြီးနောက် . . . .

`လွန်ခဲ့တဲ့သုံးနှစ်တုန်းကလည်း ဒီလိုမိုးရေစက်တွေပါပဲ´
တအုံ့သည်းသည်းမိုးစက်ပေါက်တွေမြင်တိုင်း ရေရွတ်မိတယ်
မိုးကြိုးကို လမ်းလွှဲပစ်ခဲ့ရတာတွေ သတိရတယ်
အဲ့ဒီတုန်းက . . . ခဏခဏကျဆုံးနေရသော
မိုးထဲရေထဲ မီးလောင်ပြင်


Tags: ကဗျာ

Share 

Comment

You need to be a member of mMz to add comments!

Join this Ning Network

Birthdays

Birthdays Today

Birthdays Tomorrow

.





top












© 2009   Created by MMZ on Ning.   Create a Ning Network!

.  |  Report an Issue  |  .  |  Terms of Service

Sign in to chat!