mMz

သူရဿဝါ

ခေတ်ပေါ်ကဗျာအကြောင်းတစေ့တစောင်း (၄)

ပြီးခဲ့တဲ့နေ့ကပြောခဲ့သလိုပါပဲ။ ကဗျာတစ်ပုဒ်ရဲ့ အသက်ဟာ စကားလုံးသုံးနှုန်းတတ်မှု အပေါ်မှာ အများကြီးမူတည်ပါတယ်။ပိုပြီးရှင်းသွားအောင်ဥပမာတစ်ခုလောက်ထပ်ရေးပြပါဦးမယ်။

အဲဒီလို.....
အိပ်မက်တွေ ပျက်စီးသွားတုန်းက
ဘ၀ဆိုတာ...... နှင်းမကျတဲ့ဆောင်းလိုပဲ ဖြစ်ခဲ့တယ်။
တကယ်ဆို `ကလီယိုပါထရာ` အကြောင်း
မင်းမသိသင့်ခဲ့ဘူး အချစ်ရယ်



ရိုးရိုးရှင်းရှင်းလေးပဲ ရေးထားတဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့အတွက် ကဗျာရဲ့ အဓိပါယ်ကိုတော့ ရှင်းပြစရာမလိုဘူးထင်ပါတယ်။ ဒီကဗျာထဲမှာပဲ စကားလုံးရွေးချယ်မှုရော၊ တင်ပြပုံ (Presentation) ရော၊ နိမိတ်ပုံ အသုံးအနှုန်းရော သုံးမျိုးလုံးသဘောပေါက်အောင် ရှင်းပြချင်ပါတယ်။

ပထမဆုံးအနေနဲ့ လွမ်းလွမ်းလျလျ ခံစားချက်ကိုပေါ်လွင်အောင်ရေးပြရတာဖြစ်လို့ စကားလုံးအသုံးအနှုန်း ရွေးချယ်တဲ့အခါမှာ ပျော့ပြောင်းနွဲ့လျတဲ့ စကားလုံးမျိုးကို ရွေးပြီးသုံးရပါတယ်။ ပြီးတော့ စကားလုံးကစားသွားပုံလေးကို နည်းနည်းပြောချင်ပါတယ်။

`အိပ်မက်တွေပျက်စီးသွားတုန်းက` ဆိုတာကိုရိုးရိုးတန်းတန်းပြန်ရေးရင် `ကောင်လေးနဲ့ ကောင်မလေးပြတ်သွားတဲ့အခါမှာ ကောင်မလေးအပေါ် ထားတဲ့ ကောင်လေးရဲ့ မျှော်လင့်ချက်တွေ အိပ်မက်တွေ ပျက်စီးသွားတယ်` လို့ရေးလို့ရပါတယ်။ အဲဒါကို သူငယ်ချင်းတို့က `သမီးရည်းစားပြတ်လို့ ဘဲလေးကခံစားရတာကိုများ အိပ်မက်တွေပျက်စီးသွားသလေး ဘာလေးလုပ်နေတယ်၊ အသည်းတွေကွဲခဲ့ရတုန်းက လို့ရေးလည်းဖြစ်တာပဲ` ဆိုပြီး မေးရင်မေးချင်လိမ့်မယ်။ အဲဒီလို ရေးလို့ရပါတယ်။ ဒါပေမယ့် အဲဒီနှစ်ကြောင်းကို ယှဉ်ကြည့်ရင် Impression အများကြီးကွာသွားပါတယ်။ `အသည်းကွဲခဲ့ရတုန်းက` ဆိုတဲ့စာသားက စာဖတ်သူရဲ့ အတွေးကို သိပ်မဆွဲဆောင်နိုင်ပါဘူး။ တနည်းပြောရရင် စာဖတ်သူကို တွေးစရာတစ်ခုခု ဆက်ပြီးမပေးနိုင်ပါဘူး။

`အိပ်မက်တွေပျက်စီးသွားတုန်းက`ဆိုတာကိုဖတ်ရတဲ့အခါမှာတော့စာဖတ်သူဟာအနည်းဆုံး`ဘယ်လို အိပ်မက်တွေပျက်စီးသွားတာလဲ` ဆိုတာလောက်တော့ တွေးယူရတော့မှာပါပဲ။ အဲဒီလို တွေးရပြီ ဆိုကတည်းက ဒီကဗျာဟာ စာဖတ်သူရဲ့ စိတ်ဝင်စားမှုကို အလိုလို သိမ်းယူပြီးသားဖြစ်သွားပါပြီ။

အခုရှင်းပြခဲ့တဲ့ ဥပမာက စကားလုံးရွေးချယ်မှု၊ စကားလုံးကစားမှုတွေကို ဘယ်လိုစိတ်ဝင်စားအောင် သုံးရမလဲ ဆိုတာကို သဘောပေါက်အောင် ပြောပြခဲ့တာဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့တဲ့အတွက် ဆိုလိုရင်းကို အတိအကျ သဘောမပေါက်သေးရင်တောင် ရိပ်ဖမ်းသံဖမ်းလောက် တော့ သိသွားကြပြီထင်ပါတယ်။

ဆက်ပြီးပြောချင်တာက နိမိတ်ပုံသင်္ကေတ အကြောင်းပါ။ နိမိတ်ပုံသင်္ကေတရဲ့ အဓိပါယ်ကို အရင်ရှင်းပြပါ့မယ်။ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားအောင်လို့ အားလုံးနားလည်လွယ်မယ့် ဥပမာကိုပေးပါ့မယ်။ ကျနော်တို့ ဗီဒီယိုကားတွေကြည့်တဲ့အခါ ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက် သေတော့မယ်ဆိုရင် သေတဲ့ပုံကို တိုက်ရိုက်မပြဘဲ အဲဒီဇာတ်ကောင်ရဲ့ ဓါတ်ပုံကျကွဲတာမျိုး ၊ ကျီးကန်းတွေ တအာအာအော်တာမျိုးတွေကို ဒါရိုက်တာက ရိုက်ပြလေ့ရှိပါတယ်။ အဲဒါ `နိမိတ်ပုံ` ပါပဲ။ ဓါတ်ပုံကျကွဲသွားတာဟာ အဲဒီဇာတ်ကောင်သေတော့မယ်ဆိုတဲ့ နိမိတ်ပါ။ကဗျာတဲမှာသုံးတဲ့ နိမိတ်ပုံ ဟာလည်း ဒီသဘောပါပဲ။ နားလည်လောက်ပြီလို့ ထင်ပါတယ်။ ကျနော့် ကဗျာထဲမှာ `နှင်းမကျတဲ့ ဆောင်း` နဲ့ `ကလီယိုပါထရာ` ဆိုတဲ့ အသုံးအနှုန်းတွေက နိမိတ်ပုံသင်္ကေတတွေ အနေနဲ့ သုံးထားတာ ဖြစ်ပါတယ်။

မနက်ဖြန် မပြီးသေးတဲ့ `နိမိတ်ပုံသင်္ကေတ` အကြောင်းကို ဆက်ပါဦးမယ်။ စောင့်ပြီးဖတ်ပေးကြတဲ့ သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကဗျာအကြောင်းက တကယ်ပြောရင် အရှည်ကြီး မို့လို့ ဒီခေတ်ပေါ်ကဗျာစာစုက အများကြီးရေးပြရမှာဖြစ်ပါတယ်။ အစတုန်းကတော့ သဘောလောက်ပဲ ပြောတော့မယ်လို့ စိတ်ကူးထားပေမယ့် စောင့်ပြီးဖတ်ပေးနေတဲ့ သူငယ်ချင်းတွေရှိမှန်းသိရလို့ ဆက်ရေးဖို့ အားတွေရှိလာပါတယ်။ မနက်ဖြန်ထပ်ပြီး ဖတ်ပေးကြပါဦး။

မနက်ဖြန်ကျမှ နိမိတ်ပုံသင်္ကေတ အပိုင်းကို ဆက်ပြီးပြောပါ့မယ်။

Tags: ကဗျာရေးရာ, ဆောင်းပါး,

Share 

Add a Comment

You need to be a member of mMz to add comments!

Join this Ning Network

About

MMZ MMZ created this Ning Network.

Birthdays

Birthdays Today

Birthdays Tomorrow

.





top












© 2009   Created by MMZ on Ning.   Create a Ning Network!

.  |  Report an Issue  |  .  |  Terms of Service

Sign in to chat!