ခေတ်ပေါ်ကဗျာရဲ့ ရေးသူ ဖတ်သူ လွတ်လပ်ပုံ တစ်မျိုးကို ပြောပြပါဦးမယ်။ ရေးသူက သူ့ရဲ့ခံစားချက်နဲ့ သူရေးလိုက်ပေမယ့် ဖတ်တဲ့သူကလည်း ကိုယ့်စိတ်ထဲမှာ တိုက်ဆိုင်မိတဲ့ ခံစားချက်တစ်ခုကို ဆွဲယူပြီး ခံစားချက်ထည့်ဖတ်လို့ရပါတယ်။ ကဗျာရေးသူသုံးလိုက်တဲ့ စကားလုံးက အဓိပါယ်တွေ အများကြီးဖြာထွက်လေလေ... ကဗျာရဲ့ အကွာအဝေးက ရှည်လျားလေလေပါပဲ။ အဲဒါနဲ့ ပတ်သက်လို့
ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း ဇူလိုင်လ ၂၀၀၇ ခုနှစ် အမှတ် (၁ ) မှာ ကျနော်ရေးခဲ့တဲ့
`ပျံသန်းခြင်း´ ဆိုတဲ့ ကဗျာလေးကို ဥပမာအနေနဲ့ ထုတ်ပြပါ့မယ်။
ပျံသန်းခြင်း
ဟိုး ခပ်မြင့်မြင့်က တိမ်ညွန့်တွေခူးစားဖို့
သန့်စင်တဲ့လေကို ပေါ့ပေါ့ပါးပါး ရှူရှိုက်ဖို့
အတောင်ပံတွေတဖြန်းဖြန်းခတ်
အစိုင်အခဲပေါင်းစုံထိုးခွဲပျံသန်းပြီး
ကောင်းကင်တံခါးကိုဖွင့်ဖို့
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးပမ်းနေကြပုံ ။ ။
အဲဒီကဗျာကို ရေးတုန်းက ကျနော်တို့ စာပေ၀ါသနာရှင်လူငယ်တွေ စာပေလောကထဲကို တိုးဝင်ဖို့ မျှော်လင့်ချက်အပြည့် အားမာန်အပြည့်နဲ့ ကြိုးစားနေကြပုံကို ရေးထားတာဖြစ်ပါတယ်။ အဲဒါကိုပဲ တခြားအတွေးနဲ့ ပြန်ပြီးခံစားကြည့်လို့ ရတယ်ဆိုတာကို သေချာဖတ်ကြည့်ရင်တွေနိုင်ပါတယ်။ ဥပမာ - ဒီနေ့ခေတ်လူငယ်တွေ ဘယ်လိုပြင်းပြင်းထန်ထန်နဲ့ ကိုယ်ဝါသနာပါရာကို ကြိုးစားနေကြုသလဲ ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့  ခံစားကြည့်လို့ရပါတယ် ။ အဲဒီတော့ နောက်တစ်ချက်ပြောချင်တာက ကဗျာတစ်ပုဒ်ကောင်း မကောင်းဆုံးဖြတ်ရာမှာ ဖတ်သူရဲ့ စိတ်ခံစားမှုအပေါ်မှာလည်း အများကြီးမူတည်တယ်ဆိုတာပါပဲ။
( နောက်နေ့ဆက်ရေးပါ့မယ်)
ဝန်ခံချက် >>> ဤစာစုသည် ယခုမှကဗျာစရေးသူများ၊ ခေတ်ပေါ်ကဗျာ (Modern) ကိုစိတ်ဝင်စားသူများအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော်သိသလောက်ကိုသာ ပြန်လည်မျှဝေပေးခြင်းဖြစ်ပြီး အတတ်နိုင်ဆုံး ပညာရပ်ဆိုင်ရာစကားလုံးသုံးစွဲမှုကို ရှောင်ပါသည်။ သို့ဖြစ်ပါ၍ တစုံတရာ မှားယွင်းမှုရှိပါက ကျနော့်တာဝန်သာဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်။
You need to be a member of mMz to add comments!
Join this Ning Network