ကျနော့်အိမ်ကိုလာလည်သောဧည့်သည်ဦးရေအောင်ဆန်းပေးတဲ့မြန်မာပြည်အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။
သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။
လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။
ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။
တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။
အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။
ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့
ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။
အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။
- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။................................................................................
*ယနေ့ခေတ်ပညာရေး* ရွာစဉ်ထိုထို တက္ကသိုလ်
မြင်မြင်သမျှ ပါမောက္ခ
တွေ့သမျှလူ ပါရဂူ
B.A ဘွဲ့များ ဈေးရောင်းစား
B.Sc ပြီး Marketing
B.C.Sc အလုပ်ရှားသည်
B.C.Tech များ လတ်လျားလျား
M.C ဆင်းများ Chatting သွား
B.E ပြီးကာ Workshop မှာ
တတ်နိုင်သူများ စလုံးသွား
ထို့ကြောင့် သားငယ်
ပညာခေတ်ဝယ်
ဘွဲ့ရသည်မှာ
မရှိလည်းကောင်း ရှိလည်းကောင်းဟု
ပညာရှိများ ဆိုစကားကို
ဆုံးမနာယူ မှတ်လေလော
သံဆူးကြိုး လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်ဟာအဆင်မပြေမှုများများ
အလွမ်းခါးနည်းနည်း
အစွဲအလမ်းကြီးတတ်တဲ့ အိပ်မက်တချို့တလေ
မခံချင်စိတ်တွေ ပေပွ
လူငယ်ပီသတဲ့ ဘ၀င်တစ်မျိုး ခပ်ထွေထွေနဲ့
ငါ နေပျော်အောင် နေတယ်။
ငါဟာ
ရင်ခုန်နေတဲ့ သံဆူးကြိုးတစ်ချောင်းပေါ့။
ငါ့ရှေ့ တိုးဝင်လာတဲ့
ကောင်မလေးတွေ အားလုံးကို ငြိပစ်လိုက်ဖို့
ဟောဒီသံဆူးကြိုးက
အဆင်သင့် စောင့်နေတယ်။
တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့
ဟောဒီ တောအုပ်ထဲမှာ . . .
ငါ ဘာလို့ ဆက်ရှင်သန်မှာလဲ ! ! ! !
လူတွေရဲ့ မျက်ဝန်းကိုက . . . . ညှီစော်နံတယ်။
လေတိုက်ရင် ယိမ်းပြဖို့အတွက်
မြက်ပင်တွေပေါက်နေကြတာ မဟုတ်ဘူး
. . . .
ကိုယ့်ရူးသွပ်မှုနဲ့ကိုယ် စိမ်းလန်း
င့ါအပေါ်. . .
ဘယ်သူမှ လမ်းဖြတ်မလျှောက်ရင် တော်ပြီ.တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့
ဟောဒီ တောအုပ်ထဲမှာ . . .
ငါ ဘာလို့ ဆက်ရှင်သန်မှာလဲ ! ! ! !
လူတွေရဲ့ မျက်ဝန်းကိုက . . . . ညှီစော်နံတယ်။
လေတိုက်ရင် ယိမ်းပြဖို့အတွက်
မြက်ပင်တွေပေါက်နေကြတာ မဟုတ်ဘူး
. . . .
ကိုယ့်ရူးသွပ်မှုနဲ့ကိုယ် စိမ်းလန်း
င့ါအပေါ်. . .
ဘယ်သူမှ လမ်းဖြတ်မလျှောက်ရင် တော်ပြီ.
ကြည့်ကြ!!! ဟောဒါ. . .
ငါ့ရဲ့ ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။
ဘ၀ကို ...
ပေါ့ပေါ့ပါးပါး ခံယူလိုက်ပုံများ ...
မြင်လား!!! “သူမ” တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ။
(အဲဒီ သေချင်းဆိုးမလေးက)
“မျှော်လင့်ချက်”ဆိုတာကိုလည်း အယုံအကြည် မရှိပေဘူး။
နောက်ပြီး... သူမက
“အရူး”နဲ့ “နတ်ဘုရား”တွေကိုလည်း
အတူတူလို့ သဘောထားတတ်သေး...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
ဘ၀ဟာ...
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ ယူဆ၊
(အဲဒီ သူမက)
လမ်းမှာ ခဏခဏ ပြုံးပြနေတတ်သူတွေကိုလည်း
“အာရုံကြောရောဂါ ရနေတယ်”လို့ လှောင်တတ်သူ ...
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
လောကကြီးရဲ့ အယုယခံဘို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တတ်၊
ကြယ်သရဖူတွေ
ခြေမနဲ့ ညှပ်ပြီး ကောက်ဆောင်းဘို့ကို
ပျင်းရိတတ်သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
ဈေးပေါပေါ ဆက်ဆံမှုတွေကို ရွံရှာ
“မင်္ဂလာ နံနက်ပါ”လို့ နှုတ်ဆက်ခံရတာကို မုန်း၊
ကိုယ့်မျက်လုံး ကိုယ်တံခါးပိတ်ပြီး
နေမြင့်တဲ့အထိ အိပ်တတ်သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
တစ်နေ့ တစ်နေ့... ၂၄ နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားနေရတာကို
အလုပ်ရှုပ်တယ်လို့ ထင်တဲ့သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
သူမရဲ့ အင်္ကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အ၀တ်ပတ်သလို
ဖိုသီဖတ်သီ နေထိုင်
(သူမ ကိုယ်တိုင်က...)
“ဘ၀”ကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်ဆင်ရာမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ။
သူမရဲ့ ဘ၀မှာ...
အချစ်ဆိုတာ ဘယ်ရှိနိုင်မလဲ !!!
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကို ရှောင်...ရှောင်ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့ မိန်းမ...။
မျက်နှာပေါ် ဆံပင်တွေ ၀ဲကျ
အဲဒီ ဖရိုဖရဲလေးပေါ့...။
(သူမက ခေါင်းဖီးရတာကို အလုပ်ပိုလို့ထင်တယ်)
“ကမ္ဘာမြေဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာ ရှိသလဲ” လို့လည်း မေးရဲ့။
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
“နစ်ရှေး”ရဲ့ အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီစက္ကူနဲ့ သုတ်ပြီး ထိုင်တဲ့သူ...။
“ကျွန်မက...
ဘယ်သူ့ကို လက်ဆွဲနှုတ်ဆက်ရမှာလဲ
ဒါမှမဟုတ်.. ဘယ်သူ့ကို အမြီးနှံ့ပြရမှာလဲ..”
ကဲ!!!
အဲဒီသေချင်းဆိုးမလေးပေါ့
သူမက စိတ်အလိုမကျရင်လည်း
“ဆဲ”တတ်သေးတယ်...။
အဲဒီ သေချင်းဆိုးမလေးပေါ့...။
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
...ပိုလေးတယ်လို့ ယူဆ။
တစ်စုံတစ်ယောက်ကို သတိရဘို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ
အဲဒီ သေချင်းဆိုးမလေးပေါ့...
“သိမ်းဆည်းစရာတွေ များလွန်းနေတဲ့ဘ၀မှာ...
ကျွန်မက... ကိုယ့်ကိုကိုယ်တောင်
သိမ်းမထားချင်တဲ့...ကောင်”လို့ ပြောခဲ့။
တကယ့်သေချင်းဆိုးမလေးပေါ့...
ဟောဒီမှာ ... မလှုပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေ နေလိုက်ပုံက
ဘ၀ကို အ၀တ်ရုပ်တစ်ရုပ်လို ယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့အတိုင်းပါပဲ...။
သူမက လောကကြီးကို ခါးပြီး
အဲဒီ ခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ်...။
နားလည်ပေးလိုက်ပါ... လောကကြီးရေ။
“ဘာများ အရေးကြီးလို့လဲ”ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ ပြုံးပြနေတဲ့ မိန်းမ...
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။
နားသာလည်ပေးလိုက်ပါ .. လောကကြီးရေ
ဒါမှမဟုတ်.. သူမကို ခွင့်လွှတ်ပါ..။
လောကကြီးရေ...
ဒါမှမဟုတ် ... သူမကို ဦးညွှတ်ဂုဏ်ပြုပါ...
ဒါမှမဟုတ် ... သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ...
ဒါမှမဟုတ် ...
လောကကြီးရေ... အဲဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ။
“သူမ”ပေါ့...
...........
နတ်ဆိုးတစ်ပါးလည်း ဖြစ်၊
ကောင်းကင်တမန်လည်းဖြစ်၊
(အဲဒီ သေချင်းဆိုးမလေးကိုမှ)
ငါက...
လည်ပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ်...။
မင်းခိုက်စိုးစန့်